ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းများ

  • 13 Mar, 2020
  • အဖြစ်များသောရောဂါများ

လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း လက်ကို စင်ကြယ်အောင် ဆပ်ပြာ ဒါမှမဟုတ် အရက်ပြန် ပါဝင်တဲ့ လက်သန့်ဆေးရည်များကို အသုံးပြုပြီး မကြာခဏ စနစ်တကျ ဆေးကြောပေးခြင်းဖြင့် လက်မှာ တွယ်ကပ်နေတဲ့ ရောဂါပိုးတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

  • လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း

လက်ကို စင်ကြယ်အောင် ဆပ်ပြာ ဒါမှမဟုတ် အရက်ပြန် ပါဝင်တဲ့ လက်သန့်ဆေးရည်များကို အသုံးပြုပြီး မကြာခဏ စနစ်တကျ ဆေးကြောပေးခြင်းဖြင့် လက်မှာ တွယ်ကပ်နေတဲ့ ရောဂါပိုးတွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

  • မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပွတ်သပ်ခြင်းမှ ရှောင်ကြဥ်ခြင်း

မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်ခြင်း၊ ပွတ်သပ်ခြင်းတို့ကို ပြုလုပ်ခဲ့မယ်ဆိုရင် လက်မှာ တွယ်ကပ်နေတဲ့ ရောဂါပိုးတွေ ခန္ဓာကိုယ်တွင်း ဝင်ရောက်သွားနိုင်တာကြောင့် အဆိုပါ အပြုအမူတွေကို ရှောင်ကြဥ်သင့်ပါတယ်။

  • လူထူထပ်တဲ့ နေရာများ သွားလာခြင်းကို ရှောင်ကြဥ်ခြင်း

လူနေထူထပ်တဲ့ နေရာတွေကို သွားလာခြင်းကနေ တစ်ဆင့် ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံရနိုင်တဲ့အပြင် ဟိုတယ်နဲ့ အများပြည်သူသုံးနေရာတွေမှာ တည်ရှိနေတဲ့ ဓါတ်လှေကားခလုတ်တွေ၊ စက်လှေကား လက်ရမ်းတွေ၊ တံခါးလက်ကိုင်တွေကို ကိုင်တွယ်ခြင်းကနေ တစ်ဆင့်လည်း ရောဂါပိုးတွေ ကူးစက်ခံရနိုင်တာကြောင့် မလိုအပ်ဘဲ ကိုင်တွယ်မှုတွေ ပြုလုပ်ခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ တကယ်လို့ ကိုင်တွယ်မိခဲ့မယ် ဆိုရင်လည်း အယ်လ်ကိုဟော (၇၀) ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပြီး လက်ကို ပြန်လည် ဆေးကြောပေးသင့်ပါတယ်။

  • နှာချေ၊ ချောင်းဆိုးတဲ့ အခါမှာ နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ခြင်း

နှာချေ၊ ချောင်းဆိုးခြင်းတို့ကို ပြုလုပ်တဲ့ အခါမှာ နှာခေါင်းနဲ့ ပါးစပ်ကို တစ်ရှူးနဲ့ လုံခြုံအောင် ဖုံးအုပ်ထားသင့်ပါတယ်။ ဒါ့အပြင် အသုံးပြုပြီးသား တစ်ရှူးကိုလည်း အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်ပေးဖို့ လိုအပ်ပါတယ်။

တကယ်လို့ တစ်ရှူး အလွယ်တကူ မရှိနေခဲ့ပါက လက်မောင်း၊ တံတောင်ကွေးတို့ကို အသုံးပြုပြီး နှာခေါင်းနဲ့ ပါးစပ်ကို ဖုံးအုပ်ပြီးမှသာ နှာချေ၊ ချောင်းဆိုးခြင်းကို ပြုလုပ်သင့်ပါတယ်။ နှာချေ၊ ချောင်းဆိုး၊ နှာရည်ညှစ်ပြီးတိုင်း လက်ကို ဆပ်ပြာ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ စနစ်တကျ စင်ကြယ်အောင် ဆေးကြောပေးသင့်ပါတယ်။

  • အနည်းငယ် နေကောင်းဖြစ်တာနဲ့ အိမ်ထဲမှာသာ နေထိုင်ခြင်း

တကယ်လို့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းတို့ကို အနည်းငယ်ခန့် ခံစားနေရမယ်ဆိုရင် အိမ်ထဲမှာသာ ရောဂါ သက်သာ ပျောက်ကင်းတဲ့ အထိ အနားယူသင့်ပါတယ်။ တကယ်လို့ မဖြစ်မနေ အပြင်ထွက် သွားလာဖို့ လိုအပ်လာခဲ့မယ် ဆိုရင်လည်း ပါးစပ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ တစ်ရှူး ဒါမှမဟုတ် လက်မောင်း၊ တံတောင်းကွေးတို့ကို အသုံးပြုပြီး နှာခေါင်းနဲ့ ပါးစပ်ကို လုံခြုံ‌အောင် ဖုံးအုပ်ပြီးမှသာ နှာချေ၊ ချောင်းဆိုးခြင်းစတဲ့ အပြုအမူတွေကို လိုက်နာ ‌ဆောင်ရွက်သင့်ပါတယ်။

  • ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားခဲ့ရမယ်ဆိုရင် အမြန်ဆုံး ကျန်းမာရေး စောင့်ရှောက်မှု ခံယူခြင်း

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ ရောဂါဝေဒနာတွေကို အပြင်းအထန် ခံစားခဲ့ရမယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ ခံယူပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိမရှိ အမြန်ဆုံး စမ်းသပ် စစ်ဆေးမှုတွေ ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  • ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ကို မလိုအပ်ဘဲ အသုံးမပြုပါနဲ့

ဖျားနာခြင်း၊ နှာချေ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိသူတွေ၊ အထက်ပါ ရောဂါလက္ခဏာရှိသူတွေကို အနီးကပ် ပြုစုစောင့်ရှောက်နေရသူတွေ၊ ဆေးရုံ၊ ဆေးခန်းတွေ၊ လူနေထူထပ်တဲ့ နေရာတွေမှာ တာဝန် ထမ်းဆောင်နေရသူတွေသာ ခွဲစိတ်ခန်းသုံး ပါးစပ်နဲ့ နှာခေါင်းစည်း (Surgical Mask) ဒါမှမဟုတ် N95 အမျိုးအစား ပါးစပ်နဲ့ နှာခေါင်းစည်း (N95 Mask) တို့ကို အသုံးပြုသင့်ပါတယ်။

အထက်ပါ အခြေအနေများမှလွဲပြီး သာမန်ပြည်သူများ အနေနဲ့ ပါးစပ်နဲ့ နှာခေါင်းစည်းကို အသုံးပြုဖို့ လိုအပ်မှာ မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အကြံပြုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ များသောအားဖြင့် လက်ကနေ တစ်စင့်သာ ကူးစက်လေ့ ရှိတာကြောင့် ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) ဝတ်ဆင်ထားခြင်းထက် လက်ကို စနစ်တကျ ဆေးကြောပေးဖို့သာ လိုအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အသားငါးတွေ၊ ကြက်ဥ၊ ဘဲဥတွေကို ချက်ပြုတ် စားသောက်တဲ့ အခါမှာလည်း သေချာကျက်အောင် စနစ်တကျ ချက်ပြုတ်ပြီးမှသာ စားသုံးခြင်း၊ တိရစ္ဆာန်များနဲ့ အကာအကွယ် မရှိဘဲ တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဥ်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် ပြုမူဆောင်ရွက်ခြင်း၊ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းစတဲ့ နည်းလမ်းတွေကိုလည်း လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

REF: MinistryOfHeatlhAndSportsMyanmar

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.