ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်း (Hyperkalemia) ရဲ့ ဆိုးကျိုးများ
- 05 Mar, 2020
- အဖြစ်များသောရောဂါများ
ပိုတက်ဆီယမ် ဆိုတာကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ ဦးနှောက်၊ အာရုံကြော၊ နှလုံးနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။
ပိုတက်ဆီယမ် ဆိုတာကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်
လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ ဦးနှောက်၊ အာရုံကြော၊
နှလုံးနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် များစွာသော အထောက်အကူကို
ပေးစွမ်းလျက် ရှိပါတယ်။
ပိုတက်ဆီယမ်ဓာတ် အနေနဲ့ ကျန်းမာရေး အတွက် များစွာသော
အထောက်အကူကို ပေးစွမ်းနိုင်ပေမယ့် ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲသွားတဲ့
အခါမှာ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်းကို
များသောအားဖြင့် ကျောက်ကပ်ဆိုင်ရာ ရောဂါတွေဖြစ်တဲ့ နာတာရှည် ကျောက်ကပ်ရောဂါ၊ ရုတ်တရက် ကျောက်ကပ်
အလုပ်မလုပ်ခြင်းတို့ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ကျောက်ကပ်ဆိုင်ရာ
ရောဂါတွေ ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ပိုလျှံနေတဲ့ ပိုတက်ဆီယမ်ဓာတ်တွေကို
စွန့်ထုတ်နိုင်မှာ မဟုတ်တာကြောင့် ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်းကို ခံစားရတာပဲ
ဖြစ်ပါတယ်။
ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆီးချို အမျိုးအစား (၁)
ခံစားနေရခြင်း၊ အက်ဒီဆင်ရောဂါ (Addison Disease) ဖြစ်ပွားခြင်း၊
ခန္ဓာကိုယ်တွင်း သွေးယိုစိမ့်ခြင်း၊ အချို့သော ဆေးဝါးများ သောက်သုံးခြင်း၊
ပိုတက်ဆီယမ် ဖြည့်စွက် အားဆေးများကို လိုအပ်တာထက် ပိုမို သောက်သုံးခြင်း၊
အရက်အလွန်အကျွံ သောက်သုံးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ နှလုံးရောဂါ
ဖြစ်ပွားခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ်
လွန်ကဲခြင်းကို ခံစားရနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်းကို ခံစားရတဲ့
အခါမှာ အောက်ပါ ရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ကြွက်သားများ အားနည်းခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- မူးဝေခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- အသက်ရှူရခက်ခဲခြင်း
- နှလုံးခုန်နှုန်း မူမမှန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- အော့အန်ခြင်း
တကယ်လို့ ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်းကို
သက်သာပျောက်ကင်းအောင် ကုသမှုတွေ ခံယူခဲ့ခြင်း မရှိဘူးဆိုရင်
နှလုံးအလုပ်မလုပ်ခြင်း၊ သွက်ချာပါဒဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့်
သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေခဲ့ရမယ်ဆိုရင်
သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပြီး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်းကို
ကာကွယ်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းကတော့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့
အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီးတွေ၊ အာလူးတွေ၊ အစေ့အဆံတွေ၊ နို့နဲ့
နို့ထွက်ပစ္စည်းတွေ၊ အမဲသားတွေ၊ ခရမ်းချဥ်သီး အနှစ်တွေ၊ ဒိန်ချဥ်တွေ
အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဥ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း
ရေဓာတ်နည်းပါးသွားတဲ့ အခါမှာ ပိုတက်ဆီယမ်ဓာတ် လွန်ကဲခြင်းကို ပိုမို ခံစားရလေ့
ရှိတာကြောင့် ရေများများ သောက်ပေးဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
REF: MedicalNewsToday, HealthLine
