မိန်းမကိုယ်မှ အကျိအချွဲများ အလွန်အကျွံ ထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ
- 24 Dec, 2019
- အမျိုးသမီးကျန်းမာရေး
ကျန်းမာသန်စွမ်းတဲ့ မျိုးပွားစနစ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအားလုံး အနေနဲ့ မိန်းမကိုယ်ကနေ အကျိအချွဲများ ထွက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ပုံမှန် ထွက်လေ့ရှိတဲ့ အကျိအချွဲတွေမှာ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ၊ သားအိမ်ခေါင်းမှ ကျဆင်းလာတဲ့ အကျိအချွဲတွေ ပါဝင်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ မျိုးပွားစနစ်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးအားလုံး
အနေနဲ့ မိန်းမကိုယ်ကနေ အကျိအချွဲများ ထွက်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ပုံမှန် ထွက်လေ့ရှိတဲ့
အကျိအချွဲတွေမှာ ဆဲလ်အသေတွေ၊ ဘက်တီးရီးယားတွေ၊ သားအိမ်ခေါင်းမှ ကျဆင်းလာတဲ့ အကျိအချွဲတွေ
ပါဝင်ပါတယ်။
ဒါပေမယ့် အချို့သော အခြေအနေတွေမှာ အနံ့ဆိုးတဲ့ အကျိအချွဲတွေ
အလွန်အကျွံ ထွက်ခြင်းကို အမျိုးသမီးတွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။ ဒါကြောင့် မိန်းမကိုယ်မှ
အကျိအချွဲများ အလွန်အကျွံ ထွက်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
- လိင်စိတ်နိုးထလာခြင်း (Arousal)
လိင်စိတ် နိုးထလာတဲ့ အခါမှာ ခန္ဓာကိုယ်အတွင်းမှာ တုန့်ပြန်မှုတွေ
ပေါ်ပေါက်လာလေ့ ရှိကြပါတယ်။ အခုလို ခန္ဓာကိုယ်အတွင်း တုန့်ပြန်မှုတွေ ပေါ်ပေါက်လာခြင်းကြောင့်
မအင်္ဂါဇာတ်အတွင်း သွေးလည်ပတ်မှုကို ပိုမို ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ မအင်္ဂါဇာတ်အတွင်း
သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာခြင်းကြောင့် မိန်းမကိုယ်ကနေ အကျိအချွဲများ အလွန်အကျွံ
ထွက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ လိင်စိတ်နိုးထလာတဲ့ အခါမှာ မိန်းမကိုယ်မှ အကျိအချွဲများ
အလွန်အကျွံ ထွက်ခြင်းအပြင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ မျက်နှာ အသားအရောင်
နီရဲလာခြင်း၊ ရင်သားကြီးလာခြင်းစတဲ့ လက္ခဏာတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- ဥကြွေခြင်း
သားအိမ်ခေါင်းမှ ကျဆင်းလာတဲ့ အကျိအချွဲတွေမှာ ပရိုတိန်း၊ ကာဘိုဟိုက်ဒရို၊
အမီနိုအက်စစ်တွေ ပါဝင်လေ့ ရှိကြပါတယ်။ ဒါ့အပြင် သားအိမ်ခေါင်းမှ ကျဆင်းလာတဲ့ အကျိအချွဲ
ပမာဏဟာ ရာသီစက်ဝှမ်း တစ်လျှောက် ပြောင်းလဲနေလေ့ ရှိကြပါတယ်။ အမျိုးသမီးတွေ အနေနဲ့
ဥကြွေဖို့ နီးကပ်လာတဲ့ အချိန်မှာ ခန္ဓာကိုယ်တွင်း (Estrogen) ဟော်မုန်း
ထုတ်လွှတ်မှု ပမာဏ မြင့်တက်လာမှာ ဖြစ်တဲ့အပြင် မိန်းမကိုယ်မှ အကျိအချွဲများ အလွန်အကျွံ
ထွက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- ဟော်မုန်းမျှတမှုမရှိခြင်း
ဟော်မုန်းမျှတမှု မရှိခြင်းကို စိတ်ဖိစီးခြင်း၊ ကိုယ်အလေးချိန်
အလွန်အမင်း ကျဆင်းခြင်း၊ အချို့သော ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်များ ခံစားနေရခြင်းစတဲ့
အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။ တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့
ရောဂါ ဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် ခန္ဓာကိုယ် အတွင်းမှာ ကျားဟော်မုန်းတွေ များပြားလာမှာဖြစ်ပြီး
မိန်းမကိုယ်မှ အကျိအချွဲထွက်ရှိမှု ပမာဏ ပြောင်းလဲခြင်း၊ ဓမ္မတာချိန် မမှန်ခြင်း၊ ဝက်ခြံများ
ထွက်ပေါ်လာခြင်း၊ ဆံပင်ကျွတ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- မိန်းမကိုယ်ရောင်ရမ်းခြင်း (Vaginitis)
မိန်းမကိုယ် ရောင်ရမ်းခြင်းကို ရောဂါပိုးတွေ၊ ဘက်တီးရီးယားပိုးတွေ
ကူးစက်ခံရတဲ့ အခါမှာ ခံစားရလေ့ ရှိကြပါတယ်။ မိန်းမကိုယ် ရောင်ရမ်းခြင်းကို ခံစားရတဲ့
အခါမှာလည်း မိန်းမကိုယ်မှ အကျိအချွဲများ အလွန်အကျွံ ထွက်ခြင်း၊ အနံ့ပြင်းသော အကျိအချွဲများထွက်ခြင်း၊
မိန်းမကိုယ် ယားယံခြင်း၊ လိင်ဆက်ဆံစဥ် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ထရိုင်ခိုမိုနီရေးစစ် (Trichomoniasis)
ထရိုင်ခိုမိုနီရေးစစ် ဆိုတာကတော့ လိင်ဆက်ဆံရာကနေ တစ်ဆင့် ကပ်ပါးပိုး
ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသမီတွေ အနေနဲ့
ထရိုင်ခိုမိုနီရေးစစ် ရောဂါပိုး ကူးစက်နေသူနဲ့ လိင်ဆက်ဆံမိတဲ့ အခါမှာ ထရိုင်ခိုမိုနီရေးစစ်
ရောဂါကို ခံစားရမှာ ဖြစ်ပါတယ်။ ထရိုင်ခိုမိုနီရေးစစ် ရောဂါကို ခံစားရတဲ့ အခါမှာ မိန်းမကိုယ်မှ
အဝါရောင်၊ အစိမ်းရောင် အကျိအချွဲများထွက်ခြင်း၊ အနံ့ဆိုးသော အကျိအချွဲများ ထွက်ခြင်း၊
မိန်းမကိုယ်မှ အကျိအချွဲများ အလွန်အကျွံ ထွက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို
ခံစားနေရတဲ့ အပြင် မိန်းမကိုယ်အောင့်ခြင်း၊ မိန်းမကိုယ် ယားယံခြင်း၊ ဆီးသွားရာမှာ နာကျင်ခြင်း၊
လိင်ဆက်ဆံရာမှာ နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး စမ်းသပ်ကုသမှုတွေ ခံယူသင့်ပါတယ်။
REF: MedicalNewsToday